ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ဒက်စ်ချမ့်စ်ရဲ့နေရာမှာ အစားထိုးတာဝန်ယူဖို့ ဇီဒန်း သဘောတူ
ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဇီဒန်းက ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဒက်စ်ချမ့်စ်ရဲ့နေရာကို ဆက်ခံပြီး ပြင်သစ်လက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
အသက် ၅၃ နှစ်အရွယ်ဇီဒန်းက ၂၀၂၁ ခုနှစ်၊ ရီးရဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာပြီးနောက် ပြင်သစ်အသင်းနည်းပြရာထူးရယူဖို့ ကြိုးစားနေခဲ့ပြီး အခုအခါမှာတော့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) နဲ့ နှုတ်ကတိရရှိထားပြီလို့ ESPN သတင်းဌာနမှ ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဇီဒန်းကို ပြင်သစ်နည်းပြအဖြစ် ဘယ်အချိန်မှာ မြင်တွေ့ရမလဲဆိုတာ အများက စောင့်ကြည့်နေခဲ့ပါတယ်။
ဒက်စ်ချမ့်စ်က ၂၀၁၂ ခုနှစ်ကတည်းက အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး အခုအခါမှာတော့ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ရာထူးမှနုတ်ထွက်မယ်လို့ အတည်ပြုလိုက်ပါတယ်။
သူရဲ့နုတ်ထွက်မှုက လက်ရွေးစင်အသင်းနဲ့အတူ ၁၄ နှစ်ကြာအောင် ဖြတ်သန်းခဲ့တဲ့ ဂုဏ်ယူစရာကောင်းတဲ့ သက်တမ်းတစ်ခုကို အဆုံးသတ်ခြင်းလည်း ဖြစ်ပါတယ်။
ဒက်စ်ချမ့်စ်က ပြင်သစ်အသင်းကို ၂၀၁၈ ရုရှားကမ္ဘာ့ဖလားနဲ့ ၂၀၂၀-၂၁ နေးရှင်းလိဂ်တို့မှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့လို့ ပြင်သစ်ရဲ့ ဂန္ထဝင်တစ်ဦးအဖြစ် မှတ်တမ်းဝင်သွားပါလိမ့်မယ်။
ဒါ့အပြင် သူက ပြင်သစ်အသင်းကို ၂၀၁၆ ယူရိုဖိုင်နယ်နဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၂ ကမ္ဘာ့ဖလားဖိုင်နယ်က ပြိုင်ပွဲသမိုင်းတစ်လျှောက် အမှတ်ရစရာအကောင်းဆုံး ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။
ဒက်စ်ချမ့်စ်က နည်းပြဘ၀အဆုံးမသတ်ခင် အကောင်းဆုံးအောင်မြင်မှုရရှိဖို့ ဆုံးဖြတ်ထားပြီး လာမယ့်ပြိုင်ပွဲမှာလည်း သူ့ရဲ့အသင်း ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေပါတယ်။
နည်းပြသစ်အဖြစ် ဇီဒန်းတာဝန်ယူမှုကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က လာမယ့်ကမ္ဘာ့ဖလားအပြီးမှာ တရားဝင်ထုတ်ပြန်ကြေညာသွားပါလိမ့်မယ်။
စာချုပ်လက်မှတ်မထိုးခင်မှာ ညှိနှိုင်းစရာအသေးစိတ်အချက်အလက်တချို့ ကျန်နေသေးပေမဲ့ ပြင်သစ်အသင်းကို ၂၀၃၀ ကမ္ဘာ့ဖလားအထိ ဇီဒန်းဦးဆောင်သွားမယ်လို့ မျှော်လင့်ရပါတယ်။