ဝက်စ်ဟမ်းကို အနိုင်ရခဲ့လို့ အလွန်ဝမ်းသာမိကြောင်းပြောကြားလာတဲ့ အမ်မရီ
အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက တနင်္ဂနွေနေ့က ဝက်စ်ဟမ်းနဲ့ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် အလွန်ဝမ်းသာအားရ ဖြစ်နေပါတယ်။ ဒီနိုင်ပွဲရလဒ်ကြောင့် ဗီလာအသင်းအနေနဲ့ အဆင့် (၄) အတွင်းဝင်ဖို့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အခွင့်အရေး ပိုမိုခိုင်မာလာခဲ့ပြီ ဖြစ်ပါတယ်။
ဂျိမ်းစ် မက်ဂင်းနဲ့ အိုလီ ဝက်ကင်းတို့ရဲ့ ဂိုးတွေနဲ့ ဗီလာက ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ အမ်မရီက "ပရီးမီးယားလိဂ်မှာ နိုင်ပွဲရဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ ဒီနေ့မှာ ကစားသမားတွေရဲ့ တုံ့ပြန်ပုံကို ကျွန်တော် အရမ်းသဘောကျပါတယ်။ သူတို့ကို အနိုင်ရဖို့တင်မကဘဲ အသင်းရဲ့ ကစားကွက်တည်ဆောက်ပုံအပေါ် ယုံကြည်မှုရှိရှိ ကစားနိုင်ဖို့ တိုက်တွန်းခဲ့တာပါ။ ပထမပိုင်းဆိုရင် ဒီနှစ်အတွင်း မိမိတို့ကွင်းမှာ ကစားခဲ့သမျှထဲမှာ အကောင်းဆုံး ပထမပိုင်းလို့တောင် ပြောလို့ရပါတယ်" လို့ ဆိုပါတယ်။
"ကျွန်တော်တို့ ပြိုင်ဘက်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့သလို ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်းလည်း အရာအားလုံး ဖြစ်လာခဲ့ပါတယ်။ မိမိတို့ကွင်းမှာ ယုံကြည်မှုနဲ့ ခွန်အားတွေ ပြန်ရဖို့၊ မိနစ် ၉၀ လုံး ခြေစွမ်းတည်ငြိမ်ဖို့နဲ့ အနိုင်ရဖို့ ကျွန်တော်တို့ လိုအပ်နေတာပါ။ ယူရိုပါလိဂ်ပွဲစဉ်တွေအတွက်ရော လိဂ်ဇယား အဆင့်ကောင်းကောင်းမှာ ရှိနေနိုင်ဖို့အတွက်ပါ ကျန်ရှိနေတဲ့ ရာသီဝက်အတွက် ကျွန်တော်တို့မှာ တက်ကြွတဲ့ တွန်းအားတွေ အများကြီးရှိပါတယ်။ တည်ကန်ဘောတွေကိုလည်း အများကြီး လေ့ကျင့်ထားပြီး ကစားသမားတွေက အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာလည်း အခုလိုပုံစံအတိုင်း ဆက်သွားနိုင်ဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါပဲ" လို့လည်း အမ်မရီက ပြောကြားခဲ့ပါတယ်။
တိုက်စစ်မှူး ဝက်ကင်းနဲ့ ပတ်သက်ပြီး နည်းပြဖြစ်သူက "သူက တိုက်ပွဲဝင်စိတ်ဓာတ်ရှိတဲ့သူဖြစ်ပြီး ဒီနေ့မှာ တကယ်ကို ထူးထူးခြားခြား ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဂိုးရဖို့လည်း ထိုက်တန်တဲ့သူပါ။ သူဟာ ပြိုင်ဘက်နောက်ခံလူတွေကို ကောင်းကောင်းယှဉ်ကစားနိုင်ခဲ့သလို ဂိုးသွင်းဖို့လည်း နီးစပ်ခဲ့ပါတယ်။ တိုက်စစ်ဆင်တဲ့နေရာမှာ အသင်းကို အများကြီး ကူညီပေးနိုင်ခဲ့ပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
"တိုက်စစ်ပိုင်းမှာ ဘောလုံးကို ထိန်းသိမ်းပြီး ပေးပို့မှုတွေ လုပ်နိုင်ခဲ့သလို ဂိုးသွင်းနယ်မြေထဲအထိ ရောက်အောင်သွားပြီး သူသွင်းခဲ့တဲ့ဂိုးမျိုးကို ရရှိအောင် ကြိုးစားခဲ့တာပါ။ အခုတော့ သူဟာ ကျွန်တော်တို့နဲ့အတူ ယုံကြည်မှုနဲ့ ဂိုးသွင်းနှုန်းတွေ ပြန်ရဖို့ အာရုံစိုက်ရပါမယ်။ အရင်လို ဂိုးတွေပြန်သွင်းနိုင်ပြီဆိုရင်တော့ သူဟာ လက်ရွေးစင်အသင်းဆီ ပြန်ရောက်ဖို့ နီးစပ်လာမှာပါ" လို့ အမ်မရီက ဆိုသွားခဲ့ပါတယ်။