The network connection is lost.

Banner Image

ပီအက်စ်ဂျီအတွက် ပထမဆုံးအကြိမ်ဂိုးသွင်းနိုင်ခဲ့လို့ ဂုဏ်ယူမိကြောင်းဖွင့်ဟလာတဲ့ ဒရို

ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ဘာစီလိုနာကနေ ပီအက်စ်ဂျီကို အငြင်းပွားဖွယ်ရာတွေနဲ့ ရောက်လာခဲ့တဲ့ လူငယ်ကြယ်ပွင့် ဒရိုဖာနန်ဒက်စ်ဟာ အခုတော့ အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့လို့ အရမ်းကို ဝမ်းသာပီတိဖြစ်နေပါတယ်။ တနင်္ဂနွေနေ့က နိစ်အသင်းကို ၄ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒီလူငယ်ကစားသမားလေးက ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ဒီဂိုးဟာ ပီအက်စ်ဂျီအတွက် ဒီရာသီရဲ့ ဂိုး ၁၀၀ ပြည့်မြောက်တဲ့ဂိုးလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဒရိုက "အသင်းအတွက် ပထမဆုံးဂိုး သွင်းပေးပြီး ကူညီခွင့်ရခဲ့တာကြောင့် ကျွန်တော် တကယ်ကို ပျော်ရွှင်မိပါတယ်။ ပါရီမှာလည်း အဆင်ပြေပါတယ်။ ဒီလိုငယ်ရွယ်တဲ့အရွယ်မှာ တခြားနိုင်ငံကနေ ရောက်လာရတာကတော့ သိပ်တော့မလွယ်ကူလှပါဘူး။ အခုကတော့ ပိုပြီးတိုးတက်လာဖို့၊ အသင်းနဲ့ အသားကျလာဖို့၊ ကစားဟန်မှန်လာဖို့နဲ့ အသင်းကို တတ်နိုင်သမျှ ကူညီပေးဖို့ အချိန်ပါပဲ။ ရသမျှ မိနစ်တိုင်းကိုလည်း အကျိုးရှိဆုံးဖြစ်အောင် အသုံးချသွားမှာပါ။ အဲဒါက ဂိုးတွေသွင်းဖို့ ဖြစ်လာမယ်ဆိုရင်လည်း အကောင်းဆုံးပေါ့။ နည်းပြကလည်း ကျွန်တော့်အပေါ် ယုံကြည်မှုရှိတယ်ဆိုတာ ပြသထားပါတယ်။ လူးဝစ်အင်းနရစ်က တကယ်ကို တော်တဲ့နည်းပြတစ်ယောက်ဆိုတာ ကျွန်တော်သိပါတယ်။ ဘာစီလိုနာမှာ သူနဲ့အတူ လက်တွဲခဲ့ဖူးတဲ့ ကျွန်တော့်ရဲ့ အသင်းဖော်တွေအားလုံးကလည်း သူ့အကြောင်းကို အရမ်းကောင်းတယ်လို့ ပြောကြတယ်၊ အဲဒါကြောင့် ကျွန်တော် ဒီကိုရောက်လာတဲ့အခါမှာလည်း ဘာသံသယမှ မရှိခဲ့ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် လူငယ်လေးနဲ့ပတ်သက်ပြီး ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်ကလည်း "ဒါက ကျွန်တော့်အတွက် အံ့ဩစရာတော့ မဟုတ်ပါဘူး။ သူက အသက် ၁၈ နှစ်ပဲရှိသေးပေမဲ့ သူ့ရဲ့ကစားဟန်က ကျွန်တော်တို့ ရှာဖွေနေတဲ့ပုံစံနဲ့ အံဝင်ခွင်ကျပါပဲ။ ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲကို ထိုးဖောက်ဝင်ရောက်နိုင်တာက သူ့ရဲ့ အဓိကအရည်အချင်းတွေထဲက တစ်ခုပါပဲ။ အသင်းမှာ ပွဲထွက်ခွင့် အများကြီးမရပေမဲ့ ရလာတဲ့ အခွင့်အရေးကို အမိအရ အသုံးချနိုင်တဲ့ ကစားသမားတွေ အများကြီးရှိပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် အသင်းဖော်ဖြစ်သူ ဝါရင်းဇိုင်ယာအမ်မရီကလည်း "သူဟာ တကယ့်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ၊ ကျွန်တော့်ထက်တောင် ငယ်ပါသေးတယ်။ အမှန်အတိုင်းပြောရရင် သူ့ရဲ့ အသက်အရွယ်နဲ့ အခုလုပ်ပြနေတာတွေက တကယ်ကို အံ့ဩစရာကောင်းပါတယ်။ သူ ဒီလိုပဲ ဆက်သွားရမယ်၊ ယုံကြည်မှုကို ထိန်းထားရမယ်၊ ကျွန်တော်တို့ကလည်း သူ့ကို ကူညီပံ့ပိုးပေးပြီး အကောင်းဆုံး အခြေအနေတွေဖြစ်အောင် ဖန်တီးပေးသွားမှာပါ။ သူ ဒီအတိုင်းပဲ ဆက်ပြီး ကြိုးစားသွားရပါမယ်" လို့ ပြောကြားခဲ့ပါတယ်။