The network connection is lost.

Banner Image

တန်းဆင်းဇုန်အန္တရာယ် ပိုမိုနီးကပ်လာတာကြောင့် နည်းပြချုပ် လူကပ်စ် ကွာစနီယော့ခ်ကို ရာထူးကနေ ကိုလုံး ထုတ်ပယ်

တန်းဆင်းဇုန်အန္တရာယ် ပိုမိုနီးကပ်လာတာကြောင့် နည်းပြချုပ် လူကပ်စ် ကွာစနီယော့ခ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း ဘွန်ဒက်လီဂါကလပ် ကိုလုံးအသင်းက တနင်္ဂနွေနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။

ဒါဟာ ဂျာမန်ချန်ပီယံဆုကို ၃ ကြိမ်တိုင်တိုင် ဆွတ်ခူးဖူးတဲ့ အသင်းအတွက် ၁၀ နှစ်အတွင်း ၁၀ ယောက်မြောက် နည်းပြအပြောင်းအလဲလည်း ဖြစ်ပါတယ်။ စနေနေ့က ကစားခဲ့တဲ့ ရိုင်းဒါဘီပြိုင်ဘက် ဘိုရူရှား မိုချန်ဂလာဘတ်နဲ့ ၃ ဂိုးစီ သရေကျခဲ့တဲ့ အိမ်ကွင်းပွဲစဉ်အပြီးမှာ အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပြီး အဆိုပါရလဒ်ကြောင့် ကိုလုံးအသင်းဟာ ရာသီကုန်ဖို့ ၇ ပွဲသာ လိုတော့တဲ့အချိန်မှာ တန်းဆင်းပလေးအော့ဖ်ဇုန်က စိန့်ပေါ်လီအသင်းထက် ၂ မှတ်သာ အသာရတော့တဲ့ အနေအထား ဖြစ်နေပါတယ်။

ပိုလန်နွယ်ဖွား နည်းပြ ကွာစနီယော့ခ်ဟာ ပြီးခဲ့တဲ့ ဇွန်လကမှ တန်းတက်လာတဲ့ ကိုလုံးအသင်းကို ကိုင်တွယ်ဖို့ ခန့်အပ်ခံခဲ့ရတာဖြစ်ပေမဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေ ကျဆင်းလာတာကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ နည်းပြဟောင်း ပီတာ စတိုဂါ ထွက်ခွာသွားပြီးကတည်းက အသင်းဟာ နည်းပြပိုင်းမှာ တည်ငြိမ်မှုရဖို့ ရုန်းကန်နေရပြီး အဆိုပါကာလအတွင်း စတီဖင် ဘော်မ်ဂတ် တစ်ဦးတည်းသာ ၂ ရာသီထက်ပိုပြီး တာဝန်ယူနိုင်ခဲ့တာပါ။ "အသင်းသားတွေရဲ့ စိတ်အားထက်သန်မှုနဲ့ တည်ငြိမ်တဲ့ ကစားပုံတွေ ရှိခဲ့ပေမဲ့ အသင်းရဲ့ တိုးတက်မှုကတော့ သိသိသာသာ ကျဆင်းလာတာကို တွေ့ရပါတယ်။

ရမှတ်တွေ အလုံအလောက် မရခဲ့တာကလည်း ငြင်းလို့မရတဲ့ လက်တွေ့အခြေအနေပါပဲ" လို့ အသင်းရဲ့ စီမံခန့်ခွဲမှုဒါရိုက်တာ သောမတ်စ် ကက်စလာက သတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ လက်ထောက်နည်းပြ ရီနေး ဝဂ်နာကို လာမယ့်ပွဲစဉ်တွေအတွက် ယာယီနည်းပြအဖြစ် တာဝန်ပေးအပ်ထားပါတယ်။