လက်ရွေးစင်အသင်းတွေကနေ အသီးသီးနုတ်ထွက်ထားတဲ့ အမ်ဘွေမိုနဲ့ ဆက်စ်ကို
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဘရိုင်ယန် အမ်ဘွေမိုနဲ့ ဘင်ဂျမင် ဆက်စ်ကိုတို့ဟာ နိုင်ငံတကာပွဲစဉ်တွေ သွားရောက်ကစားမယ့်အစီအစဉ်ကနေ နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ အမ်ဘွေမိုဟာ ပွဲကစားချိန် ၇၁ မိနစ်မှာ လူစားလဲခံခဲ့ရပြီး သူ့နေရာကို ဆက်စ်ကိုက ဝင်ရောက်ကစားခဲ့တာပါ။
အခုအခါမှာတော့ အမ်ဘွေမိုဟာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကင်မရွန်းအသင်းရဲ့ ဩစတြေးလျ၊ တရုတ်တို့နဲ့ ကစားမယ့် ခြေစမ်းပွဲတွေကို လွဲချော်မှာဖြစ်သလို ဆက်စ်ကိုကလည်း ဆလိုဗေးနီးယားအသင်းအတွက် သွားရောက်ကစားမှာ မဟုတ်တော့ပါဘူး။ သူတို့နှစ်ဦးစလုံးဟာ ကြံ့ခိုင်မှုအပြည့်အဝပြန်ရဖို့အတွက် ကာရင်တန် လေ့ကျင့်ရေးကွင်းမှာပဲ ဆက်ရှိနေမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေတဲ့ ယူနိုက်တက်အသင်းအနေနဲ့ လာမယ့် ဧပြီလ ၁၃ ရက်နေ့မှာ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ကစားမယ့် ပြိုင်ဘက် လိဒ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ အဆိုပါကစားသမားနှစ်ဦးစလုံး ကြံ့ခိုင်မှုပြည့်ဝစွာနဲ့ ပြန်ပါလာနိုင်မယ်လို့ မျှော်လင့်ထားကြောင်း BBC သတင်းဌာနက ဖော်ပြထားပါတယ်။
အမ်ဘွေမိုနဲ့ ဆက်စ်ကိုတို့ နုတ်ထွက်ခဲ့ပေမဲ့ နူစာ မာဇာဝီကတော့ ဖျားနာရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ အီကွေဒေါ၊ ပါရာဂွေးတို့နဲ့ ကစားမယ့် မော်ရိုကိုလက်ရွေးစင်အသင်းဆီ သွားရောက်ပူးပေါင်းနေပြီ ဖြစ်ပါတယ်။
လက်ရှိရာသီမှာ ကစားဖို့ ၇ ပွဲပဲ ကျန်တော့တဲ့အချိန်မှာ ယူနိုက်တက်ဟာ အဆင့် ၃ မှာ ရပ်တည်နေပြီး စတုတ္ထနေရာက အက်စတွန်ဗီလာထက် ၁ မှတ် အသာရနေပါတယ်။ ပြီးခဲ့တဲ့အပတ်က ဘုန်းမောက်နဲ့ သရေကျခဲ့ပေမဲ့ ကာရစ်ရဲ့ လက်ထက်မှာ ယူနိုက်တက်ရဲ့ ရလဒ်ကောင်းတွေက ဆက်လက်ရှိနေဆဲပါ။
နောက်ဆုံးထွက်ပေါ်လာတဲ့ Opta ရဲ့ ခန့်မှန်းချက်တွေအရ ယူနိုက်တက်ဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ၈၅.၅၇ ရာခိုင်နှုန်းအထိ အခွင့်အရေးရှိနေပါတယ်။
ကာရစ်ဟာ ယူနိုက်တက်ရဲ့ နည်းပြအဖြစ် အမြဲတမ်းခန့်အပ်ခံရဖို့ ရေပန်းအစားဆုံးသူ ဖြစ်နေတာကြောင့် အမ်ဘွေမိုနဲ့ ဆက်စ်ကိုတို့ ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လာနိုင်တာဟာ သူ့ရဲ့အခွင့်အရေးတွေကို ပိုပြီးအားကောင်းလာစေမှာ ဖြစ်ပါတယ်။