အဲဗာတန်ကို ရှုံးနိမ့်ပြီးနောက် ချဲလ်ဆီးအသင်းရဲ့ ခြေစွမ်းကျဆင်းမှုနဲ့ ပတ်သက်ပြီး ရှင်းပြဖို့ခက်ခဲကြောင်း ဟာတို ဝန်ခံ
စနေနေ့ညက အဲဗာတန်အသင်းကို ၃ ဂိုး - ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးနောက်ခံလူ ဂျော်ရယ်ဟာတိုက စိတ်အေးအေးထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီရလဒ်ကြောင့် ချဲလ်ဆီးအသင်းဟာ ပြိုင်ပွဲစုံမှာ ၄ ပွဲဆက်တိုက် ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
ဟာတိုက "ကျွန်တော်တို့ ပွဲခက်တွေ ဆက်တိုက်ကစားခဲ့ရတော့ အခု နိုင်ငံတကာပွဲစဉ်တွေကြောင့် နားရမယ့်အချိန်က အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ အနားယူနေစဉ်အတွင်းမှာ နောက်လာမယ့်ပွဲတွေကို ဘယ်လိုပုံစံနဲ့ ရှေ့ဆက်မလဲဆိုတာ လူတိုင်း အချိန်ပေးပြီး စဉ်းစားနိုင်မှာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ အသင်းအပေါ် အပြည့်အဝ ယုံကြည်မှုရှိနေတုန်းပဲ၊ ဒီရာသီမှာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်အောင်သွားနိုင်မယ်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။
"ဘာကြောင့် အခုလို ဖြစ်နေရတာလဲဆိုတာ ပြောဖို့ခက်ပေမဲ့ ဒီနာကျင်စရာကောင်းတဲ့ ရလဒ်ကို သင်ခန်းစာယူပြီး ရှေ့ဆက်ရပါမယ်။ အခု နိုင်ငံတကာပွဲစဉ်တွေရှိလို့ လူတိုင်း နောက်ပွဲတွေအတွက် ပြန်လည်ပြင်ဆင်ဖို့ အချိန်ရသွားတာပေါ့။ ကျွန်တော်တို့ FA Cup ပြိုင်ပွဲမှာ ရှိနေသေးသလို ပရီးမီးယားလိဂ်ရဲ့ အဆင့် ၄ အတွင်း ဝင်နိုင်ဖို့ကလည်း ဖြစ်နိုင်ခြေရှိနေဆဲပါ၊ ဒါကြောင့် ရှေ့ကိုပဲ ကြည့်ရပါမယ်" လို့လည်း ဆိုပါတယ်။
၁ ဂိုး - ဂိုးမရှိနဲ့ ဦးဆောင်ခံလိုက်ရချိန်မှာ အသင်းက ယုံကြည်မှု ပျောက်ဆုံးသွားသလားလို့ မေးမြန်းရာမှာတော့ ဟာတိုက "မဟုတ်ပါဘူး၊ ဒါဟာ ယုံကြည်မှုပိုင်းဆိုင်ရာ ပြဿနာလို့ မထင်ပါဘူး။ ဦးဆောင်ဂိုး ပေးလိုက်ရပေမဲ့ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့သလို ပွဲကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒါက ပြဿနာမဟုတ်ခဲ့ပေမဲ့ သူတို့က ၂ ဂိုး၊ ၃ ဂိုးတွေ ဆက်သွင်းသွားတဲ့အခါမှာတော့ ပြန်လာဖို့က တကယ်ခက်ခဲသွားပါပြီ" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
"ပွဲစစချင်း ၁၅ မိနစ်လောက်မှာ သူတို့က ကောင်းကောင်း ဖိအားပေးကစားနိုင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့သလို အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ သူတို့ဆိုရင် ပွဲချိန်အတော်များများကို သူတို့ဘက်အခြမ်းမှာပဲ ခံစစ်ပိတ်ပြီး ကစားခဲ့ရတာပါ။ ဒါပေမဲ့ ကျွန်တော်တို့အတွက် ဂိုးသွင်းဖို့ တကယ်ခက်ခဲခဲ့ပြီး လုံလောက်တဲ့ ကြိုးစားမှုမျိုး မရှိခဲ့ပါဘူး။ ကျွန်တော်တို့ဘက်က လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ကြတယ်လို့ ထင်ပေမဲ့ ဒီနေ့မှာတော့ မလုံလောက်ခဲ့ပါဘူး" လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။