ငယ်ဘဝကလပ် ဆန်းတို့စ်နဲ့စာချုပ်သက်တမ်းဖို့ နီးစပ်လာတဲ့ နေမာ
ဘရာဇီးလ်ကြယ်ပွင့် နေမာဟာ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပြီဖြစ်တဲ့အတွက် သူ့ရဲ့ ဇာတိမြေက အောင်မြင်မှုမှတ်တမ်းတွေမှာ နောက်ထပ် အခန်းကဏ္ဍသစ်တစ်ခု ထပ်တိုးလာတော့မှာဖြစ်ပါတယ်။
The Athletic ရဲ့ ဖော်ပြချက်အရ အသက် ၃၃ နှစ်အရွယ် ဒီကစားသမားကြီးဟာ အသင်းကို ဘရာဇီးလ် စီးရီးအေမှာ ဆက်ရှိနေအောင် ကူညီပေးခဲ့တဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ဆုလာဘ်အနေနဲ့ အခုနှစ် ဒီဇင်ဘာလအထိ ဗီလာဘယ်လ်မီရိုမှာ ဆက်ရှိနေမယ့် စာချုပ်သစ်ကို လက်မှတ်ရေးထိုးဖို့ နီးစပ်နေတာဖြစ်ပါတယ်။
အရင်က ပါရမီရှင်လူငယ်လေးအဖြစ် လူသိများခဲ့တဲ့ နေမာဟာ ဆော်ဒီကလပ် အယ်လ်ဟီလာမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ နှစ်နှစ်တာကာလအပြီး ၂၀၂၅ ရာသီမှာ သူ့ရဲ့ ငယ်ဘဝကလပ်ဆီ ပြန်လည်ရောက်ရှိလာခဲ့တာပါ။
သူဟာ ပြိုင်ပွဲစုံ ၂၈ ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အဲဒီထဲက ၈ ဂိုးကတော့ ဘရာဇီးလ်လိဂ်ပွဲစဉ်တွေမှာ သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။
သူ့ရဲ့ အိမ်ပြန်ခရီးမှာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ စိုးရိမ်ရတာတွေ ရှိခဲ့ပေမယ့်လည်း ဘရာဇီးလ်အသင်းနည်းပြ ကာလိုအန်ဆယ်လော့တီက ၂၀၂၆ ကမ္ဘာ့ဖလားအတွက် နေမာကို ရွေးချယ်ဖို့ အခွင့်အလမ်းရှိနေတယ်လို့ အရိပ်အမြွက် ပြောကြားထားတာကြောင့် ဒါဟာ သူ့အတွက် ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့အတူ နောက်ဆုံးအကြိမ် ခြေစွမ်းပြခွင့်လည်း ဖြစ်လာနိုင်ပါတယ်။
နေမာဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ၇၉ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်သလို ဆန်းတို့စ်၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့မှာလည်း ခြေစွမ်းပြခဲ့သူပါ။
ဘရာဇီးသားဟာ ကစားသမားဘဝတစ်လျှောက် ကလပ်နဲ့ နိုင်ငံအသင်းအတွက် စုစုပေါင်း ဂိုး ၄၅၀ နီးပါး သွင်းယူထားနိုင်ခဲ့ပြီး ဘောလုံးလောကအပေါ် သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းကတော့ ငြင်းလို့မရနိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။