The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သူ့ရဲ့ချဉ်းကပ်မှုပုံစံကို ထုတ်ပြောလာတဲ့ သောမတ်စ်တူချယ်

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲအပြီးမှာပဲ အင်္ဂလန်အသင်းနည်းပြသောမတ်စ်တူချယ်က တည်တည်ငြိမ်ငြိမ်ရှိပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။
ယမန်နေ့ညပိုင်း၊ ဝါရှင်တန်ဒီစီမှာပြုလုပ်ခဲ့တဲ့ မဲခွဲပွဲအခမ်းအနားဆီ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့အတူ ကနေဒါဝန်ကြီးချုပ်မတ်ခ်ကာနေး၊ မက္ကဆီကိုသမ္မတကလော်ဒီယာရှိန်းဘောင်းတို့ တက်ရောက်ခဲ့ပြီး မဲခွဲမှုရလဒ်တွေအရ အင်္ဂလန်က အုပ်စု (L)မှာ ခရိုအေးရှား၊ ဂါနာ၊ ပနားမားတို့နဲ့အတူ ပါဝင်ခဲ့ပါတယ်။
အင်္ဂလန်က ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပြိုင်ဘက်ခရိုအေးရှားနဲ့ အုပ်စုအဖွင့်ပွဲစဉ် ဆင်နွှဲရဖို့ရှိပြီး ဒီနောက်မှာတော့ ဂါနာ၊ ပနားမားတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။
ဒီအုပ်စုထဲမှာတော့ အင်္ဂလန်က ၃၂ သင်းအဆင့်ဆီ တက်ရောက်ဖို့ ရေပန်းစားနေပေမယ့် တူချယ်ကိုယ်တိုင်ကတော့ လေးစားမှုတွေနဲ့ထိုက်တန်တဲ့ ပြိုင်ဘက်တွေလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မဲခွဲမှုရလဒ်နဲ့ပတ်သက်ပြီး တူချယ်က “ ခက်ခဲတဲ့အုပ်စု၊ ခက်ခဲတဲ့အုပ်စုအဖွင့်ပွဲစဉ် ဖြစ်ပါတယ်။ ခရိုအေးရှားနဲ့ ဂါနာတို့ဆိုတာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပုံမှန်ပါဝင်လေ့ရှိပြီး ဂုဏ်ယူဝင့်ကြွားစရာအသင်းကောင်းတွေ ဖြစ်ပါတယ်။
နောက်ထပ်ပြိုင်ဘက်ကတော့ ပနားမားပေါ့။ အခုအချိန်မှာ ပနားမားအကြောင်းကို ကျွန်တော် အများကြီးမသိပါဘူး။ ဒါပေမဲ့ ပြိုင်ပွဲမစတင်ခင် ဒီအကြောင်းအရာကို သိထားအောင် သေချာလုပ်သွားပါမယ်။
ကျွန်တော့်အတွက်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အုပ်စုအဆင့်ယှဉ်ပြိုင်ဖူးတဲ့ အတွေ့အကြုံသာရှိထားပြီး ဒီအတွက် ချဉ်းကပ်ရမယ့်နည်းလမ်းက ပြိုင်ဘက်တွေအပေါ် အမြဲတမ်းလေးစားပေးဖို့နဲ့ အုပ်စုဗိုလ်ဖြစ်ရေး အာရုံစိုက်ထားဖို့ပဲ ဖြစ်ပါတယ်။
ဒီအုပ်စုကို ခက်ခဲမယ်လို့ ထင်ရပေမယ့် ပြိုင်ပွဲစတင်ချိန်မှာ ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်ထားနိုင်မယ်လို့ ယုံကြည်မိပါတယ်။
ဘယ်ပြိုင်ဘက်ကိုမှ လျှော့မတွက်ထားပါဘူး။ ခရိုအေးရှားဆိုတာလည်း အကောင်းဆုံးအသင်း ဖြစ်ပါတယ်။ သူတို့တွေက မဲအိုး(၂)ရဲ့ Ranking အမြင့်ဆုံးအသင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဆက်နားထောင်ပေးပါဦး။ ဂါနာမှာဆိုရင်လည်း အရည်အသွေးကောင်းတွေ ပြည့်နှက်နေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်လို့ ခမ်းနားတဲ့သမိုင်းကြောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ ပနားမားလည်း အကောင်းဆုံးပြင်ဆင်လာမယ်ဆိုတာ သေချာပါတယ်။ ဘယ်သူ့ကိုမှ လျှော့တွက်လို့မရပါဘူး။ ပြိုင်ဘက်တိုင်းဟာ လေးစားမှုအပြည့်နဲ့ထိုက်တန်ပြီး ဒီလိုလေးစားမှုမျိုးကို ကျွန်တော်တို့ ပြသနိုင်ရပါမယ်”လို့ ပြောပါတယ်။
အုပ်စု(L)မှာ ကျရောက်နေလို့ အင်္ဂလန်က ပြိုင်ပွဲစတင်ပြီး တစ်ပတ်အကြာ၊ ဇွန် ၁၇ ရက်အထိ အုပ်စုအဖွင့်ပွဲစဉ် ကစားရဖို့ မရှိပါဘူး။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်မက္ကဆီကိုနဲ့ တောင်အာဖရိကတို့ ယှဉ်ပြိုင်ကစားရင်း တရားဝင်ဖွင့်လှစ်သွားပါလိမ့်မယ်။
နောက်ကျမှကစားရခြင်းအပေါ် ကြိုက်နှစ်သက်သလားဆိုတဲ့မေးခွန်းကို တူချယ်က “ ကျွန်တော်ကတော့ ဘာဆန္ဒမှမရှိပါဘူး။ ကျွန်တော်တို့ကိုင်တွယ်ဖြေရှင်းသွားရမယ့် အခြေအနေတစ်ရပ်သာ ဖြစ်ပါတယ်။
ပြိုင်ပွဲမတိုင်ခင် ရက်အနည်းငယ်အချိန်ရရှိပြီး ပြိုင်ပွဲရဲ့နောက်ပိုင်းအဆင့်တွေမှာဆိုရင် အချိန်ဇယားတွေ ကျုံ့လာပါလိမ့်မယ်။ အရာအားလုံးက အကောင်းအဆိုးဒွန်တွဲနေပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။